လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သည် လွိုင်ကော်မြို့အဝင် လမ်းမကြီးအရှေ့ဘက်ခြမ်း ထေးသမရပ်ကွက်၊ လွိုင်ကော်မြို့၊ ကားပြည်နယ်တွင် တည်ရှိပြီး မြောက်လတ္တီကျူ ( ၉၇ ၂၁) နှင့် (၉၆ ၂၁) ကြား အရှေ့လောင်ဂျီကျူ (၁၉ ၇၀) နှင့် (၉၆ ၂၁) ကြားတွင်တည်ရှိသည်။
၂၀၁၅ ခုနှစ်မတိုင်မီ ကာလများတွင် ကယားပြည်နယ်၌ ဆရာအတတ်ပညာသင်တန်းကျောင်းများနှင့် ပညာရေးကောလိပ်များ မရှိခဲ့ပေ။ ထို့ကြောင့် ဒေသတွင်းရှိ ဆရာအတတ်ပညာ ဆည်းပူးသင်ယူလိုသူများသည် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆရာအတတ်ပညာသင်တန်းကျောင်းများသို့ သွားရောက်လေ့လာသင်ကြားခဲ့ရသည်။ ခရီးစရိတ်ကုန်ကျမှုများခြင်း ဆရာအတွက် ခွဲတမ်းနည်းပါးခြင်းတို့ကြောင့် ကယားပြည်နယ်တွင် ဆရာအင်အားပြည့်စုံလုံလောက်မှု မရှိခဲ့ပေ။
ဆရာအတတ်ပညာကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လွိုင်ကော်ပညာရေးကောလိပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်တွင် မြန်မာနိုင်ငံ၏ (၂၂) ခုမြောက် ပညာရေးကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ပညာရေးကောလိပ်၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်အတွင်း လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်၏ ပင်မဆောင် ညာဖက်ခြမ်းအား ယာယီစာသင်ဆောင်များ အဖြစ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်အထိ အသုံးပြုခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်၏ မြောက်ဘက် (၂၉.၄၁) ဧက ကျယ်ဝန်းသောမြေနေရာရှိ လွိုင်ကော်ပညာရေးကောလိပ် အဆောက်အဦသစ်သို့ ပြောင်းရွေ့ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့တွင် အဆင်မြင့်ပညာဦးစီးဌာနအောက်ရှိ ပညာရေးကောလိပ်များကို (၄) နှစ်သင်ပညာရေးဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည် ဖြစ်ရာ လွိုင်ကော်မြို့၏ကျက်သရေဆောင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ပေါ်ပေါက်လာပါသည်။ လွိုင်ကော်ပညာရေးကောလိပ်အဖြစ် စတင်ဖွင့်လှစ်သည့် (၁.၁၂.၂၀၁၅) မှ (၃၀.၆.၂၀၁၇) အထိ ကျောင်းအုပ်ကြီး ဦးစိုးသန့် မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး (၁.၇.၂၀၁၇) မှ ယနေ့အထိ ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာ (၂) နှစ် သင်တန်း၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ (၁) နှစ်သင်တန်း၊ လုပ်ငန်းခွင်ရှိ ဆရာ/မများအတွက် မူလတန်းနှင့် အလယ်တန်း ဆရာအတတ်ပညာ စာပေးစာယူသင်တန်း တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ယခုအခါတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်း (၅၇) ဦးရှိပြီး ၎င်းတို့မှ ကယားပြည်နယ်အတွက် လိုအပ်နေသည့် အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်သည့် ဆရာကောင်းများ မွေးထုတ်ပေးနိုင်ရန် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။